မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

မကွေး ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီး ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး၊ ယာယီရှင်းလင်းဆောင်တွင် ဥစားကြက်မွေးမြူရေးဇုန် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူများမှ မကွေးမြို့နယ်အတွင်း အသားကဏ္ဍဖူလုံစေဖို့ ဘေးအန္တရာယ်ဖြစ်စေသည့် အသားငါးများ လျော့နည်းစေဖို့အတွက် ရှားပင်လှကျေးရွာအနီး မြေဧက (၄၈.၀၆) ဧကပေါ်တွင် ဥစားကြက်မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မွေးမြူရေးလုပ်ငန်းရှင် (၁၂) ဦးမှ တစ်ဦးလျှင် ဥစားကြက် အကောင်ရေ(၃၀၀၀)ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် လက်ရှိ(၇၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းဆိုင်ရာများအား စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိသူများမှ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ရေးအဖွဲ့မှ တိုင်းတာခြင်း၊ ကွင်းဒီဇိုင်းမြေပုံထုတ်ခြင်း၊ တောင်သူများနှင့် ကွင်းအတည်ပြုချက်များ ရယူခြင်းဆိုင်ရာများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးအထူးဇုန်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ရာမှာ ပုံသဏ္ဍာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ တည်ရှိနေတဲ့ သမားရိုးကျ လယ်ကွက်ငယ်များအား ရေသွင်းမြောင်း၊ ရေနုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများနဲ့ လယ်ဆင်းလမ်းများ ပါဝင်ပြီး အတိုင်းအတာအရွယ်အစား တိကျမှန်ကန်တဲ့ လယ်ကွက်ကျယ်များ ဖြစ်ပေါ်လာစေဖို့ ဖော်ထုတ်ပေးခြင်းဖြစ်ပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထူးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးရေ လုံလောက်စွာရရှိ၍ စိုက်ပျိုးသီးနှံများ တစ်နှစ်ကို (၃) သီး စိုက်ပျိုးနိုင်ကာ ပန်းတိုင်အထွက်နှုန်းများလည်း ရရှိမှာဖြစ်တဲ့အတွက် လုပ်ငန်းများ အန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ပြီးစီးရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ၊ လုပ်ငန်းခွင်အတွင်း ဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ