ကျောက်ဆည်မြို့နယ်၌ အောင်နိုင်တိုးနွေစပါး စံကွက်ရိတ်သိမ်း အစို(၁၆၀)တင်းထွက်ရှိ

ကျောက်ဆည် ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ စိုက်ပျိုးရေးသုတေသနခြံတွင် စိုက်ပျိုးထားသည့် အလားအလာကောင်း၊ အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင်စပါးမျိုးသစ် အောင်နိုင်တိုးနွေစပါးမျိုးသစ်အား ဇူလိုင်လ ၄ ရက်နေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းရာ အစိုစပါး(၁၆၀)တင်း ထွက်ရှိကြောင်းသိရသည်။

စံကွက်ရိတ်သိမ်းပွဲသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်၌ ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီး စပါးသီးနှံများစိုက်ပျိုးရာတွင်  မနာသုခ၊ ရွှေမနော်၊ ဆင်းသုခ၊ အောင်နိုင်တိုး၊ GW-11နှင့်GW-18 စပါးမျိုးများ အဓိကထား စိုက်ပျိုးကြောင်းနှင့် ယခုနှစ်နွေစပါးရာသီး၌ စုစုပေါင်း နွေစပါး(၄၉၃၂)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာနမှသိရသည်။

သက်မောင်