မကွေး ဇူလိုင် ၆
သဲဖြူဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှုနှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား မြန်မာအမျိုး သမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းမှ ကျောင်းသုံးဗလာစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခြင်းကို ဇူလိုင်လ ၄ ရက်နေ့က ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်၍ သဲဖြူဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းမှ လှူဒါန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည့် ကူညီပံ့ပိုးမှုများအား ဆောင်ရွက်ပေးခဲ့သည်။
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းအနေဖြင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေဖို့နှင့် စာမတတ်သူ ပပျောက်ရေးအတွက် ကျောင်းသုံးဗလာ စာအုပ်နဲ့ သင်ထောက်ကူ ပစ္စည်းများလှူဒါန်းခြင်းကို ၂၀၀၅ ခုနှစ်က စတင်လှူဒါန်းခဲ့ခြင်းဖြစ် ပြီး၊ ယခုလှူဒါန်းမှု အနေဖြင့် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ကျေးရွာ(၁၁)ရွာမှ ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးလျှင် ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ(၁)ဒါဇင်၊ ဘောပင်၊ ကျောင်းသုံးပစ္စည်းများနှင့် အာဟာရစားသောက်ဖွယ်ရာ မုန့်များကို လှူဒါန်းခဲ့ ကြောင်းနှင့် ဆက်လက်ပြီး လာမည့်ပညာသင်နှစ် အတွင်းမှာလည်း ပညာဆက်လက်သင်ကြားနိုင်ခြင်း မရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား ကျောင်းသူများကို အဆင့်မြင့် ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်လံမြို့သို့ ရောက်ရှိပြီး၊ အောင်လံပြည်သူ့ဆေးရုံကြီးတွင် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး အထူးကုအဖွဲ့မှ အခမဲ့ ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်း ကျဆင်းစေရေးအတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကု သပေးခြင်းကို ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ အောင်လံပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ကွင်းဆင်းဆေးကုသမှု အနေဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ ခွဲစိပ်အထူးကုသမားတော်ကြီးများ၊ အရိုးအကြောခွဲစိပ် အထူးကုသမားတော်ကြီးများ၊ သားဖွားမီးယပ်အထူး ကုသမားတော်ကြီးများ၊ ကလေးအထူးကုသမားတော်ကြီးများ၊ နား၊ နှာခေါင်းလည်ချောင်း အထူးကုသမားတော်ကြီးများ၊ အရေးပြားအထူးကုသမားတော်ကြီးများ စသည့် အထူးကု သမားတော်ကြီးများမှ အရေးပေါ်ကုသရန်နှင့် အရေးပေါ် ခွဲစိပ်ရန်လိုအပ်သော လူနာ များကို ချက်ချင်းကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး၊ ရောဂါအလိုက် အခမဲ့ ဆေးကုသပေးခြင်းကို လူနာစုစုပေါင်း(၈၃၁)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမဲ့ဆေးကုသမှုကို အထူးကု ဆရာဝန်ကြီးများပါဝင်သည့် မျက်စိအထူးကု ဆရာဝန်ကြီး၊ အထွေထွေရောဂါကု ဆရာဝန်ကြီးများမှ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများအပြင် ဆက်လက်ကုသရန်လိုအပ်သော လူနာများကိုလည်း တိုင်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကာ ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ တိုင်းဒေသကြီးအတွင်း အခမဲ့ ဆေးကုသပေးခြင်းကို အောင်လံမြို့နယ်အပြင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်လံခရိုင်၊ အောင်လံမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ပန်းမတကျးရွာတွင် ပန်းမတကျေးရွာမြစ်ရေတင်ဒေသမှ တောင်သူပေါင်း(၆၀)ဦးမှ စက်မှုလယ်ယာ စနစ်ကျ လယ်ယာ မြေ (၁၀၄)ဧက အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ဒေသခံ တောင်သူများနှင့် တွေ့ဆုံသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ခရိုင်စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိသူများမှ စက်မှုလယ်ယာဦးစီးဌာနစနစ်ကျလယ်ယာမြေဖော်ထုတ်ရေးအဖွဲ့မှ တိုင်းတောခြင်း၊ ကွင်းဒီဇိုင်းမြေပုံထုတ်ခြင်း၊ တောင်သူများနှင့် ကွင်းအတည်ပြုချက်များ ရယူခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားကာ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအား စက်မှုလယ်ယာစနစ်ကျလယ်မြေ ဖော်ထုတ်ရေးနှင့် ပတ်သက်၍ သိလိုသည်များမေးမြန်းကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်မှု လယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ရာမှာ ပုံသဏ္ဍာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ တည်ရှိနေတဲ့ သမားရိုးကျလယ်ကွက်ငယ်များအား ရေသွင်းမြောင်း၊ ရေနုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများနဲ့ လယ်ဆင်းလမ်းများပါဝင်ပြီး အတိုင်းအတာအရွယ်အစား တိကျမှန်ကန်တဲ့ လယ်ကွက်ကျယ်များ ဖြစ်ပေါ်လာစေဖို့ ဖော်ထုတ်ပေးတာဖြစ်ပါကြောင်း၊ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများကို ဖော်ဆောင်ရာမှာ နိုင်ငံတော်မှ(၅၀)ရာခိုင်နှုန်းနဲ့ တောင်သူများမှ(၅၀)ရာခိုင်နှုန်း ကျခံရတာဖြစ်ကြောင်း၊ အောင်လံမြို့နယ် ပန်းမတကျေးရွာအတွင်းရှိ လယ်ယာမြေများမှာ စက်မှုလယ်ယာ စနစ်ကျလယ်ယာ မြေများဖော်ဆောင်ခြင်းဖြင့် စနစ်ကျလယ်ကွက်များတွင် ရေသွင်း၊ ရေနုတ်မြောင်း များပါရှိခြင်းကြောင့် စိုက်ပျိုးသော သီးနှံများအတွက် ရေကိုလိုသလို အသွင်း အထုတ်လုပ်နိုင်ခြင်း၊ လယ်ယာမြေများ၏ မြေပြင်ညီညာပြန့်ပြူးမှု ရှိခြင်းကြောင့် စိုက်ပျိုးရေ သုံးစွဲရာတွင် ယခင်သုံးစွဲနေကြ ရေပမာဏထက် လျော့ချသုံးစွဲနိုင်ခြင်း၊ လယ်ကွက်များ၏ ပုံသဏ္ဍာန်နှင့် အကျယ်အဝန်း မှန်ကန်းခြင်းကြောင့် စက်ကိရိယာပစ္စည်းများ စက်စွမ်းအားပြည့် မောင်းနှင် အသုံးပြုနိုင်သည့်အပြင် လောင်စာဆီ ကုန်ကျမှု လျော့နည်းသက်သာစေခြင်း၊ စိုက်ပျိုးရေအနည်း အများကို လိုသလိုထိန်းညှိနိုင်ခြင်းကြောင့် စပါးပင်ပွားကို လိုသလိုမျှတစွာရရှိနိုင်ပြီး သီးနှံအထွက်နှုန်း ကိုတိုးတက်ထွက်စေနိုင်ခြင်းနှင့် တောင်သူများ တစ်နှစ်လျှင် သီးနှံ(၂)သီးမှ (၃)သီးအထိ စိုက်ပျိုးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားကာ၊ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်မှုတင်ပြချက်များအပေါ် လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ