မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အထူးကုကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအား လာရောက်ကြည့်ရှုအားပေး

အောင်လံ ဇူလိုင် ၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် အထူးကုကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဇူလိုင်(၂)ရက်နေ့မှ ဇူလိုင်(၄)ရက်နေ့ထိ ဆောင်ရွက်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မကွေးမြို့၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် အောင်လံမြို့၊ ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ကွင်းဆင်းကုသပေးမှုများ ဆောင်ရွက်လျက်ရှိရာ အထွေထွေရောဂါလူနာများ၊ ခွဲစိတ်ကုသရမည့်ရောဂါလူနာများ၊ ကိုယ်ဝန်ဆောင်နှင့် သားဖွားမီးယပ်ရောဂါလူနာများ၊ ကလေးလူနာများ၊ အရိုးအကြောနှင့် ပတ်သက်သောရောဂါလူနာများ၊ မျက်စိရောဂါလူနာများ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ပတ်သက်သော ရောဂါလူနာများ၊ သွားရောဂါလူနာများ၊ အရေပြားလူနာများ၊ (TV)ဓာတ်မှန်ရိုက်လူနာများ၊ ရိုးရိုးဓာတ်မှန်ရိုက်လူနာများ စုစုပေါင်း အမျိုးသား(၄၈၅)ဦး၊ အမျိုးသမီး(၁၃၅၀)ဦး၊ ဆေးရုံတက်သူ အမျိုးသမီး (၂)ဦး၊ လွှဲပြောင်းသူ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁၂)ဦးတို့အား မကွေးမြို့၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာကာ (ပြန်/ဆက်)