ကလေးမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား

ကလေး ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကလေးမြို့နယ်လုံးဆိုင်ရာ ရွှေဘုံသာစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာသူမျာက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊ တောင်ဖီလာ ဆရာတော် ဘဒ္ဒန္တရာဇိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဒေသကွပ်ကဲမှူစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်ဆိုင်နှင့်ဇနီး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် သီလရှင်ဆရာလေးများထံ သီလရှင်ဝတ်စုံများ၊ လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

 ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွက်ပွားသရဇ္ဈယ်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊ တောင်ဖီလာ ဆရာတော် ဘဒ္ဒန္တရာဇိန္ဒ ထံမှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ပြီး ဆရာတော် သံဃာတော်များနှင့် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဘောဇဉ်များ ကပ်လှူခဲ့ကြပြီး ဧည့်ပရိတ်သတ်များအား ထမင်း၊ ဟင်းများ၊ အချိုပွဲများဖြင့် ကျွေးမွေဧည့်ခံခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဒေသကွပ်ကဲရေးမှူးနှင့်ဇနီး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)