နာဂဒေသ၊ လေရှီးမြို့၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

လေရှီး  ဇူလိုင်  ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ ဗဟိုသာသနာပြု‌ကျောင်းတိုက်၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့တက်ရောက်လာကြသော လေရှီးမြို့ ဗဟိုသာသနာပြု‌ခေါင်းဆောင်ဆရာတော်နှင့်လေရှီးမြို့နယ်အတွင်းရှိ သာသနာပြုဌာန (၂၁)ခုမှ သံဃာတော်များ၊ သီလရှင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများနှင့် ဘာသာဝင်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်း အနားဖွင့်လှစ်ခဲ့ပြီး လေရှီးမြို့နယ်၊ အောင်ဇေယျကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာပြုဌာနမှ ဘဒ္ဒန္တကေနုမာလာ အရှင်သူမြတ်ထံမှ (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြ သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေ (၇၂၇၈၀၀၀)ကျပ်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ လေရှီးမြို့နယ် ကူကီးစံပြကျေးရွာ သာသနာပြုဌာနမှ ဘဒ္ဒန္တရာဇဓမ္မအရှင်သူမြတ်ထံမှ “ဝါဆို သင်္ကန်းအကြောင်းသိကောင်းစရာ” အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွက်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။ အခမ်းအနားပြီးတွင် ပရိသတ်များအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကြွေးမွေးခဲ့‌ကြောင်း သိရသည်။

လေရှီး(ပြန်/ဆက်)