ကန့်ဘလူမြို့၌ ပန်းခင်းစီမံချက် အဆင့်( ၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြာပေးအပ်ပွဲ ကျင်းပ

ကန့်ဘလူ ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဖြိုးလျှံမြတ်က ပန်းခင်းစီမံချက် အဆင့်(၃)​ဖြင့် ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အသက် ၁၆ နှစ်နှင့်အထက် တစ်ကြိမ်မျှမပြုလုပ်သေးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ၇၄ ကတ်တို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဖြိုးလျှံမြတ်တို့က ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်ပြည်သူများအား တစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)