သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)တွင် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဇာတ်တိုက် လေ့ကျင့်မှုဆောင်ရွက်

မုံရွာ ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)တို့ ပူးပေါင်းပြီး တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေး အထူးအလေးထား အရှိန်အဟုန်မြှင့် အစဥ်သတိမူကာ ပူးပေါင်းဆောင်ရွက်တက်စေရေးနှင့်ဆောင်ရန်၊ ရှောင်ရန်တို့အား မှတ်သားလိုက်နာပြီး အချင်းချင်း ရိုင်းပင်ကူညီတတ်စေရေးတို့အတွက် ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဇာတ်တိုက်လေ့ကျင်မှုကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းရှိ ၅ ထပ်အဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ ဟောပြောပွဲတွင် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဥ်များနှင့် ဆောင်ရွက်ချက်များကို အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီးနောက် တက်ရောက် လာကြသူများအား ဘေး(၉)မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြဘုတ်များအား ပြသထားပြီး သိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြား ပေးခဲ့သည်။

ထို့နောက် အဆိုပါကျောင်းရှိ လေးထပ်စာသင် အဆောင်တွင် ငလျင်ဘေး ‌သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့် ‌သရုပ်ပြပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော ဝန်ထမ်းများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ငလျင်လှုပ်ခတ်ချိန် အကာအကွယ်အောက်တွင် နေရာယူခြင်း၊ ဒဏ်ရာရရှိသူ (၁) ဦးအား ဆေးကုသမှု ဆောင်ရွက်ပြီး ဆေးရုံသို့ပို့ဆောင်ခြင်းတို့အား စုပေါင်းဆောင်ရွက်မှုကို တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဇာတ်တိုက်လေ့ကျင်မှုများကို တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်နှင့်အခြေခံပညာကျောင်းများတွင် ဆက်လက် လေ့ကျင့်အသိပညာပေးမှုများ စဥ်ဆက်မပျက် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)