စစ်တွေ ဇူလိုင် ၄
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (စစ်တွေ)မှ ဖွင့်လှစ်သည့် လက်ရက်ကန်း (၆) လ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အနေဖြင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် ပြည်သူဗဟိုပြု လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများသည်လည်း စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကိုအခြေခံပြီး နိုင်ငံတော်၏ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဦးတည်ချက်အား များစွာအထောက်အကူပြုလျက်ရှိကြောင်း၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း (စစ်တွေ) အနေဖြင့်လည်း ရက်ကန်းဆိုင်ရာအသက်မွေး ဝမ်းကျောင်းနည်းပညာ သင်တန်းများအပြင် ဒေသနှင့်ကိုက်ညီမှုရှိသော နည်းပညာသင်တန်းများအား ဖွင့်လှစ်သင်ကြားပို့ချပေးပြီး ဒေသခံပြည်သူများ ကိုယ်ပိုင်ရက်ကန်း လုပ်ငန်းငယ်များကို တစ်ပိုင်တစ်နိုင် ထူထောင်လုပ်ကိုင် နိုင်လာကာ မိသားစုဝင်ငွေတိုးပွားလာနိုင်မည်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သင်ကြားမည့် လက်ရက်ကန်း (၆) လတာအတွင်း သင်တန်းသူများကို သင်တန်းနည်းပြဆရာ၊ ဆရာမများက စာတွေ့လက်တွေသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ပြည်နယ်အစိုးရအဖွဲ့ကလည်း သင်တန်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ယူနိုင်စေရန်နှင့် စားသောက်နေထိုင်ရေးတို့ အဆင်ပြေချောမွေ့နိုင်စေရန် ဆန်၊ ဆီနှင့်အခြားစားသောက်ကုန်ပစ္စည်းများအားလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းတက်ရောက်သင်ကြားခြင်းဖြင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ပပျောက်မှုမရှိစေရန် ခေတ်နှင့်အညီရိုးရာ အဆင်ဒီဇိုင်းများကိုလည်း ဖော်ထုတ် ထုတ်လုပ်နိုင်ရန်လည်း မှာကြားလိုကြောင်း၊ သင်တန်းကာလ တွင်လည်း သင်တန်းစည်းကမ်း၊ အဆောင်စည်းကမ်းများကို လိုက်နာပြီး သင်တန်းသူတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီရိုင်းပင်းဖေးမပြီး စည်းလုံးညီညွတ်စွာဖြင့် ရက်ကန်းပညာကိုစိတ်ပါဝင်စားစွာ သင်ကြားစေလိုကြောင်းနှင့် သင်တန်းကာလအတွင်း ကျန်းမာပျော်ရွှင်ပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်သင်ကြားကာ မိမိတို့လက်တွေ့နယ်ပယ်မှာ ပိုမိုကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသင်ယူကြရန် ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သင်တန်းသူများ စားသောက်ရေးအတွက် ချီးမြှင့်ငွေ၊ ဆန်နှင့်ဆီများကို ပေးအပ်ရာ ရက်ကန်းသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်းသူများက လက်ခံရယူကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း(စစ်တွေ)သို့သွားရောက်ပြီး သင်တန်းသူများအား ဆရာ၊ ဆရာမများက လက်တွေ့သင်ကြားပြသနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသူများ၏အိပ်ဆောင်နှင့် စားရိပ်သာအတွင်းလှည့်လည် ကြည့်ရှုကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည်ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် သည်။
ညှိနှိုင်းအစည်းအဝေးတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီနာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိကြောင်း၊ ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ပရိယတ္တိ၊ ပဋိပတ္တိအကျင့်များ ပိုမိုကျင့်ကြံကြိုးကုတ်အားထုတ်နိုင်စေရန်အတွက်လည်းကောင်း၊ ဗုဒ္ဓသာသနာတော် ရေရှည်တည်တံ့စေရန်အတွက်လည်းကောင်း ရည်ရွယ်၍နှစ်စဉ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း၊ ယခုနှစ်တွင် ရခိုင် ပြည်နယ်အတွင်းရှိ သံဃဝန်ဆောင်ဆရာတော်များ၊ ဩဝါဒစရိယဆရာတော်များ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကို ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက်လုပ်ငန်း လိုအပ်ချက်များရှိပါက ဦးစီးကော်မတီသို့ အချိန်မီတင်ပြပေးရန်နှင့် ဦးစီးကော်မတီအနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် ပြောကြားသည်။
ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပမည့်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအလိုက် ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က မိမိတို့လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေး တင်ပြကြရာ ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)