ပွင့်ဖြူမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ပွင့်ဖြူ ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မြေစာရင်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေစပါး စံကွက်ရတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စု၊ ကွင်းအမှတ်(၈၅၂)၊ ဦးပိုင်အမှတ်(၂၈/၁) တောင်သူ ဦးကျော်ဝင်းဌေး၏ စပါးမျိုးကွဲ (ရတနာတိုး) စိုက်ကွက်ကောင်း ကိုယ်စားပြု လယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းရာတွင် မကွေးတိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစံရဲကျော်၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာစိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး စပါးမျိုးကွဲ(ရတနာတိုး)စံပြကွက် စိုက်ခင်းအား စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် အစိုထွက် (၁၂၇) ဒဿမ (၃၉) တင်း အခြောက်တင်း (၁၁၄) ဒဿမ (၆၅) တင်း ထွက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက နွေစပါးစိုက်ပျိုးရာသီတွင် အထွက်နှုန်းကောင်းမွန်သော ဆာဖိုးသာ၊ မနောသုခ၊ ရတနာတိုး၊ အောင်နိုင်တိုး စပါးမျိုးများကို အဓိကစိုက်ပျိုးကြပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စံကွက်များ ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )