စစ်တွေ ဇူလိုင် ၃
မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့သည် မြန်မာနိုင်ငံဒေသအသီးသီးတွင် နေထိုင်ကြသည့် မြန်မာအမျိုးသမီးများအားလုံးအတွက် နေ့ထူးနေ့မြတ်နေ့တစ်နေ့ဖြစ်ကြောင်း၊ မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ဘောင်တန်းပြီး တိုင်းကျိုးပြည်ပြုလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်လျက်ရှိသည့်အတွက် အမျိုးသမီး များ၏ စွမ်းဆောင်နိုင်မှုများကို သိသာထင်ရှားစွာ တွေ့မြင်နေရပြီဖြစ်ကြောင်း၊ ယနေ့တွင် ကဏ္ဍအသီးသီးက စွမ်းဆောင်ရည်ရှိသော ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့်သော နေ့ဖြစ်သည့်အတွက် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ယူကြောင်း၊ ၁၉၉၅ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ၏ ဘေဂျင်းကြေညာစာတမ်းတွင် လုပ်ငန်းနယ်ပယ်အသီးသီးက အမျိုးသမီးအားလုံးဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတိုင်းတွင် အမျိုးသမီးကော်မတီဖွဲ့စည်းရန်ပါရှိခဲ့ခြင်းကြောင့် မြန်နိုင်ငံတွင်လည်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခဲ့သည့် ဇူလိုင်လ (၃) ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး ၁၉၉၈ ခုနှစ်ကစ၍ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ကြကြောင်း၊ မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်သည့် စွမ်းဆောင်ရည်ကောင်းများ၊ လေးစားဂုဏ်ယူဖွယ်ဂုဏ်ဒြပ်များနှင့် အရေးပါသည့်အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြုအလေးထား ဂုဏ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ မြန်မာအမျိုးသမီးများနေ့ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနား နှစ်စဉ်ကျင်းပပေးနေခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် UN Women နှင့် UNDP တို့ပူးပေါင်းဆောင်ရွက်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ စွမ်းဆောင်မှုနှင့်ကျား၊ မ တန်းတူညီမျှရေး လေ့လာဆန်းစစ်ချက် အစီရင်ခံစာအရ ညွှန်းကိန်းများအနေဖြင့် ၀ ဒသမ ၈ အထက်သည် အမြင့်ဆုံးဖြစ်ပြီး ၀ ဒသမ ၆ အထက်မှာအလယ်အလတ်ဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးများ စွမ်းဆောင်နိုင်မှုညွှန်းကိန်းမှာ ၀ ဒသမ ၅၁၈၊ ကျား၊ မရေးရာညွှန်းကိန်းမှာ ၀ ဒသမ ၅၉၈ တို့ဖြစ်သည့်အတွက် အလယ်အလတ်အောက်နားတွင် ရှိနေကြောင်း၊ လူသားဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းအနေဖြင့် ၀ ဒသမ ၅၅၀ နှင့် ၀ ဒသမ ၆၉၉ ကြားရှိသည့်အတွက် အလယ်အလတ်အဆင့်တွင်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်အမျိုးသမီးများအား ကဏ္ဍအသီးသီးတွင် စွမ်းဆောင်ရည်ပြည့်ဝစွာ ကျား၊ မတန်းတူရည်တူပါဝင်နိုင်ရန် အလေးထားပြီး ဆက်လက်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်းပါ ကတိကဝတ်များနှင့် အကြံပြုသုံးသပ်ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်နှင့်အညီ ရေးဆွဲထားသော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၃၂ ၏ လုပ်ငန်းနယ်ပယ် (၁၂) ရပ်ကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်များနှင့် အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ အမျိုးသမီး၊ အမျိုးသားအားလုံး တွဲလက်ညီညီဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် ကဏ္ဍစုံတွင် ပူးပေါင်းပါဝင်နိုင်ရန်နှင့် တစ်ဦးချင်းစီမှသည် မိသားစုအတွင်း၊ ရပ်ရွာအတွင်းနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့သို့ ထောက်ပံ့ငွေများပေးအပ်ပြီး အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်နှင့် တာဝန်ရှိသူများက အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ၊ အာဟာရချက်ပြုတ်ပြိုင်ပွဲတွင် ဆုရရှိကြသောပြိုင်ပွဲဝင်အသင်းများ၊ အမျိုးသမီးသွေးလှူရှင်များ၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးလူရည်ချွန်များနှင့် အခြေခံပညာအဆင့် အမျိုးသမီးလူရည်ချွန်များ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့ဂုဏ်ပြု ဗီဒီယိုအားပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့ပြင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် စစ်တွေမြို့၊ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား တစ်နေ့တာ အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်း၊ အလှူငွေများပေးအပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)