ကလေးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံ/ အဆင့်မြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

ကလေး ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင်  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအနက် အမျိုးသမီးများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်း (အခြေခံ/ အဆင့်မြင့် စက်ချုပ် နည်းပညာသင်တန်း)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၉)၊ မိုးလင်းရှောင်စောန်းဘုရားကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်စီမံအုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က သင်တန်းသူများအနေဖြင့် စာတွေ့/လက်တွေ့သင်ခန်းစာများကို ကြိုးစားလေ့လာသင်ယူ၍ အိုးမကွာအိမ်မကွာဖြင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနိုင်သော အမျိုးသမီးကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပေါင်ကျင့်ဟောက်ပါရှန်စောန်း တမန်တော်မြတ်  မိုးလင်းရှောင်စောင်းဆရာတော်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှု ဦးထိုက်တန်က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

 ထို့နောက် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းသူတစ်ဦးအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ပေါင်ကျင့်ဟောက်ပါရှန်စောန်းအသင်းတော်မှ ယဉ်ကျေးမှုအဖွဲ့က  ချင်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားအပြီးတွင်  တက်ရောက်လာသူများမှ သင်တန်းဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုခဲ့ကြသည်။ အဆိုပါ သင်တန်းကို အခြေခံသင်တန်း ၃၀ ရက်၊ အဆင့်မြင့်သင်တန်း ၁၅ ရက် သတ်မှတ်ကာ နှစ်ကြိမ်ခွဲ၍ သင်တန်းသူ (၁၂)ဦးအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)