ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်တင်ပွဲ၊ သွေးလှူဒါန်းပွဲနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

စစ်တွေ ဇူလိုင် ၂

ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်တင်ပွဲနှင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမ ပန်းခြံရှေ့နှင့် ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်တင်ပွဲကို ဦးဥတ္တမ ပန်းခြံရှေ့၌ ကျင်းပရာ ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်သိန်းနှင့် အတွင်းရေးမှူး ဒေါ်အေးစံမာတို့က မြန်မာအမျိုးသမီးများနေ့ ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ မြန်မာအမျိုးသမီးများနေ့အကြို အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ထမ်းများက စုပေါင်းသွေးလှူရှင်များအား သွေးလှူဒါန်းနိုင်ရန်အတွက် သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး သွေးလှူဒါန်းကြမည့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် သွေးလှူဒါန်းကြသူများကို အာဟာရ ဖြည့်စွက်စာများ ချီးမြှင့်ပေးအပ်ကြပြီး သွေးလှူဒါန်းရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများကို ပေးခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၀၂၅)သို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဌာနဆိုင်ရာများ၏ အားထုတ်ကြိုးပမ်းမှုကို အသိအမှတ်ပြုသကဲ့သို့ ဆက်လက်ပြီးကြိုးပမ်းဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း ခွင့်ပြုထားသော လုပ်ငန်းများကို တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီသုံးစွဲနိုင်အောင် စီမံဆောင်ရွက်ကြရန်အလေးအလွင့်မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်သွားကြရန်နှင့် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်နေသည့်အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွေရာများ ချီးမြှင့်ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ယာယီနေရပ်စွန့်ခွာ ပြည်သူများကိုလည်း ပေးအပ်ကူညီလျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်ဖြစ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်ကသတ်မှတ်ထားသည့် ကာလအတွင်း အောင်မြင်စွာကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲဥပဒေများပါ ရွေးကောက်ပွဲကျင်းပခြင်း ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေနှင့်အညီ ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးအဖွဲ့ဝင်များက လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် ၎င်းတို့၏ သား၊သမီးများ အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတို့မှ ပြည်နယ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သက်ပြည့်ပင်စင် ခံစားသွားသည့် ရခိုင်ပြည်နယ်လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေအေးအား ဂုဏ်ပြုအမှတ်တရ လက်ဆောင် ပေးအပ်ချီးမြှင့်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)