ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး လက်တွေ့သရုပ်ပြခြင်းနှင့် အမှိုက်ပုံးများပေးအပ်ခြင်း အခမ်းအနားပြုလုပ်

လွိုင်ကော် ဇူလိုင် ၁

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရန် လက်တွေ့သရုပ်ပြသခြင်းနှင့် အမှိုက်ပုံးများပေးအပ်ခြင်းကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ယမန်နေ့နံနက်က ကျင်းပသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများအား ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်ထွန်းအောင်က စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုနှင့် အမှိုက်ပုံးများ အရောင်ခွဲခြားသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဝန်ထမ်းများက အမှိုက်စွန့်ပစ်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းခဲ့မှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဌာနခွဲအလိုက် အမှိုက်ပုံးများပေးအပ်ရာ ဌာနခွဲကိုယ်စားလှယ်များက လက်ခံရယူ၍ ဌာနခွဲအလိုက် ဝန်ထမ်းများက စွန့်ပစ်ပစ္စည်းခွဲခြားစွန့်ပစ်ခြင်းအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ထုတ်ဝေသော စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ခြင်း လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သန့်ရှင်းသာယာလှပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ရုံးက စံပြဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ထမ်းတစ်ဦးချင်းစီက မိမိတို့ရုံး၊ မိမိတို့ဝန်ထမ်းအိမ်ရာများနှင့် မိမိတို့ပတ်ဝန်းကျင်ရှိ ပြည်သူများကို ထပ်ဆင့်အသိပညာပေးခြင်းများ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းပြောကြားသည်။

လားတူ အခြေခံပညာကျောင်းများ၊ နယ်စပ်ဒေသတိုင်းရင်းလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(လွိုင်ကော်)နှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက စွန့်ပစ်ပစ္စည်းခွဲခြားစွန့်ပစ်ခြင်းအား လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး ဆက်လက်၍ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များအလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)