မော်လမြိုင် ဇူလိုင် ၁
၂၀၂၅ ခုနှစ်၊ (၁၅)ကြိမ်မြောက်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်မှာလည်း အောင်မြင်စွာကျင်းပြုလုပ်သွားမှာဖြစ်ပြီး မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအားလုံးသို့ ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီဝင်များအနေဖြင့် တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို လစ်ဟာမှုမရှိစေဘဲ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသောကော်မတီများက (၁၅)ကြိမ်မြောက်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ဝါတွင်းကာလ ဝါဆိုသောကျောင်းတိုက်အားလုံးကိုလည်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)