လွိုင်ကော် ဇူလိုင် ၁
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးများပေးအပ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းအား ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ဈေးသူဈေးသားများ နှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စွန့်ပစ်ပစ္စည်းများကို အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်ရန်နှင့် ပညာပေးခြင်း၊ ဆွေးနွေးခြင်းများဖြင့် ပြည်သူအားလုံးက စနစ်တကျလိုက်နာဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ပါကြောင်း၊ စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်ခြင်းကြောင့် သန့်ရှင်းသာယာမှုကိုထိခိုက်စေရုံသာမက သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ကျန်းမာရေးထိခိုက်မှုဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်း၊ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက စည်းကမ်းတကျဖြင့် အမှိုက်အမျိုးအစာခွဲခြားစွန့်ပစ်ခြင်းဖြင့် အမှိုက်စွန့်ပစ်မှုအလေ့အကျင့်ကောင်းများ၊ နည်းစနစ်မှန်ကန်သည့် စွန့်ပစ်မှုစနစ်များကို လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ ယခုလုပ်ငန်းစဉ်အား ပြည်နယ်အစိုးရမှဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကျောင်းများ၊ ဈေးများ၊ အများနှင့်သက်ဆိုင်သည့် နေရာများတွင် ဦးစားပေးအနေဖြင့် စံပြဆောင်ရွက်သွားမည်ဖြစ်ပြီး ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်၍ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ်(လွိုင်ကော်)နှင့် သီရိမင်္ဂလာ ဈေးသူ၊ ဈေးသားများအတွက် အမှိုက်ပုံးများပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် ဈေးသူ၊ ဈေးသားကိုယ်စားလှယ်များ လက်ခံရယူကြသည်။ ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်နယ်ပညာရေးမှူးရုံး၊ သယံဇာတရေးရာဝန်ကြီးက ပြည်နယ်ပြည်သူ့ဆေးရုံကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးက ပြည်နယ်သာသနာရေးဦးစီးဌာနသို့လည်းကောင်း အမှိုက်ပုံးများ အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုနှင့်အမှိုက်ပုံးများ အရောင်ခွဲခြားသတ်မှတ်ခြင်းအကြောင်းအားရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများကသိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ဈေးသူ၊ ဈေးသားများက စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ အခမ်းအနားသို့ တက်ရောက်လာသူများအား ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ထုတ်ဝေသော စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ခြင်း လက်ကမ်းစာစောင်အား ဖြန့်ဝေးပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဈေးအတွင်းသတ်မှတ်နေရာများတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် အန္တရာယ်ရှိစွန့်ပစ်ပစ္စည်း အမှိုက်ပုံးများထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)