ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် အာဟာရချက်ပြုတ်ပြိုင်ပွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များကို ထုတ်ယူခြင်း၊ ထိန်းသိမ်းခြင်း တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတက်ရောက်

စစ်တွေ ဇူလိုင် ၁

ဇူလိုင်လလ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် အာဟာရချက်ပြုတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ကိုယ်ဝန်ဆောင် မိခင်များ တက်ရောက်ကြသည်။

ဦးစွာ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများက မိတ်ဆက်ကြပြီး  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ တာဝန်ရှိသူများသည် အာဟာရချက်ပြုတ်ပြိုင်ပွဲတွင် အသုံးပြုမည့် ဟင်းသီးဟင်းရွက်များ ခင်းကျင်းပြသထားရှိမှုတို့ လှည့်လည်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲဝင်အသင်းများက စတင်ချက်ပြုတ်ပြိုင်ပွဲဝင်ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက  ကိုယ်ဝန်ဆောင်မိခင်များအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ပေးအပ်ချီးမြှင့်သည့် အာဟာရ ဖြည့်စွက်စာများအား ပေးအပ်ကြသည်။ ဆက်လက်၍  ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များသည် ကိုယ်ဝန်ဆောင်များအား ပြိုင်ပွဲဝင်အသင်းများ၏ ချက်ပြုတ်ထားသည့် အာဟာရ ပြည့်ဝသောအစားအစာများကို ကိုတည်ခင်းကျွေးမွေးခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည်ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသော မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များကို ထုတ်ယူ ခြင်း၊ ထိန်းသိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျင်းပမည့် ရွေးကောက်ပွဲများတွင် မြန်မာ အီလက်ထရောနစ်မဲပေးစက်(Myanmar Electronic Voting Machine- MEVM)ကို အသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်တွင်း/ ပြည်ပဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အားလုံး ဆန္ဒမဲပေးနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျင်းပမည့်အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိရာတွင် မဲလက်မှတ်အစား မြန်မာ အီလက်ထရောနစ်မဲပေးစက်(Myanmar Electronic Voting Machine- MEVM)နှင့် မဲပေးနိုင်ရေးအတွက် ပြည်တွင်းရှိ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ တီထွင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာတွင် အသုံးပြုသည့် မဲပေးစက်များကို လေ့လာပြီး မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူလူထုတို့၏ အခြေအနေ၊ သဘောသဘာဝနှင့် အကိုက်ညီဆုံးဖြစ်သော ဒီဇိုင်းကို တီထွင်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မဲပေးစက်ကို မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဟု အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအသုံး ပြုမည့်မဲပေးစက်(MEVM)သည် လူတစ်ဦးမဲပေးချိန်(၇)စက္ကန့်မှ (၁၀)စက္ကန့်ထိဖြစ်ပြီး တစ်နာရီလျှင် အနည်းဆုံးလူ(၂၀၀) ခန့် ကောင်းမွန်စွာ မဲပေးနိုင်မည်ဖြစ်ကြောင်းနှင့် (MEVM)စက် အသုံးပြုခြင်းကြောင့် ပယ်မဲများမရှိခြင်း၊ မဲရေတွက်ချိန်သက်သာခြင်းစသည့် အကျိုးများရရှိနိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက မြန်မာအီလက်ထရောနစ်မဲပေးစက်များ (MEVM) ထုတ်ယူခြင်း၊ ထိန်းသိမ်းခြင်းတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်ရွေးကောက်ပွဲ အရာရှိက မြန်မာအီလက်ထရောနစ် မဲပေးစက်များ (MEVM) ဖွင့်ဖောက်စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ကျောက်ဖြူခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မာန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က (MEVM)မဲပေး စက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်တွေမြို့၌ ရောက်ရှိလျက်ရှိသော မြန်မာ အီလက်ထရောနစ်မဲပေးစက်များ (MEVM) ထားသို ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး (MEVM)စက်ဖြင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

တင်ထွန်း (ပြန်/ဆက်)