သထုံ ဇွန် ၃၀
မွန်ပြည်နယ်၊ သထုံမြို့ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းကြီး၏ အခြေခံအဘိမ္မာသင်တန်းခွဲအဖြစ် ဘဝအသုံးချကိုယ်ကျင့်အဘိဓမ္မာ မျှဝေခြင်းအစီအစဉ်ကို လိပ်အင်းရပ်ကွက်၊ ရွာဦးရှိ သုဝဏ္ဏဘူမိဝိမုတ္တိဉာဏဒဿနစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က စတင်ဖွင့်လှစ်ခဲ့ကြသည်။
သင်တန်းဖွင့်လှစ်ရာတွင် ရှေးဦးစွာ သထုံမြို့၊ မဟာဘောဂကျောင်းတိုက် ပဓာနနာယကဆရာတော်က အဘိဓမ္မာမိတ်ဆက်ဩဝါဒစကားမြွက်ကြားပေးခဲ့ပြီး သာသနာ့ရောင်ခြည်အသင်း ဒုတိယဥက္ကဋ္ဌ၊ သင်တန်းဆရာမကြီး ဒေါ်တင်တင်အုန်း၊ သင်တန်းဆရာကြီး ဦးထွန်းထွန်းနှင့် အသင်းအဖွဲ့ဝင် ဦးမိုးကျော်သူတို့က သင်တန်းမိတ်ဆက်စကားများ ပြောကြားပေးကြကာ သင်တန်းကိုဆက်လက် ပို့ချပေးခဲ့ကြသည်။
သာသနာ့ရောင်ခြည် အသင်းကြီးသည် သထုံမြို့၏ကျက်သရေဆောင်လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ တည်ရှိပြီး အခြေခံအဘိဓမ္မာ၊ ဂုဏ်ထူးဆောင်အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်(မြန်မာပြန်)နှင့် သံယုတ္တနိကာယ်(မြန်မာပြန်) သင်တန်းတို့ကို နှစ်စဉ်အခမဲ့ဖွင့်လှစ် သင်ကြားနေသည့် ဗုဒ္ဓစာပေပြန့်ပွားရေး အသင်းကြီးဖြစ်သည်။
သာသနာ့ရောင်ခြင်အသင်းအနေဖြင့် သထုံမြို့၌ ပထမဆုံးသင်တန်းခွဲအနေဖြင့် ယခုဖွင့်လှစ်သည့် သင်တန်းခွဲကို စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး သုဝဏ္ဏဘူမိဝိမုတ္တိဉာဏဒဿနစေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ညနေ ၅ နာရီခွဲမှ ၆ နာရီခွဲအထိ နေ့စဉ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)