မုဒုံမြို့၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သွားနှင့်ခံတွင်း စစ်ဆေးပေးခြင်း ဆောင်ရွက်

မုဒုံ ဇွန် ၃၀

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား/သူများအား သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာမူလတန်း (စာစင်ရွာလယ်)စာသင်ကျောင်း၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် ကုသရေးဦးစီးဌာနမှ သွားဆရာဝန် ဒေါက်တာလမင်းထက်က သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးအကြောင်းအရာများ၊ မြို့နယ်ကျန်းမာရေးမှူးက သွေးလွန်တုပ်ကွေးရောဂါများအကြောင်း၊ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံရရှိစေရေး၊ အာဟာရသုံးအုပ်စုနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားသည့် အစားအစားများစားသုံးကြရန်နှင့် ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား/သူများအား တစ်ကိုယ်ရေးသန့်ရှင်းစေရေး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် သွားနှင့်ခံတွင်း စသည့်ကျန်းမာရေးဆိုင်ရာများကို ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)