မုဒုံ ဇွန် ၂၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် သဘာဝပတ်ဝန်ကျင်ညစ်ညမ်းမှုကို လျော့ချနိုင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေးအတွက် အမှိုက်များအား အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက ရွှေဟင်္သာစျေးကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် အမှိုက်စွန့်ပစ်ပစ္စည်းများကို စနစ်တကျမစွန့်ပစ်လျှင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေသည့် ပြဿနာများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ပလတ်စတစ် ပစ္စည်းများအား အသုံးပြုမှုပိုမိုများပြားလာပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို စိန်ခေါ်နေခြင်းကြောင့် ပလတ်စတစ်ပစ္စည်းများကို ပြန်လည်အသုံးပြုကြရန်၊ ရုံး၊ ဌာန၊ စာသင်ကျောင်း၊ စျေးများနှင့်အများပြည်သူသွား လမ်းသွားလမ်းလာနေရာများတွင် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်နှင့် ရပ်ကွက်/ကျေးရွာများရှိ ဒေသခံ ပြည်သူ များမှလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် မုဒုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းအေးက အမှိုက်အမျိုးအစားအလိုက်အရောင်ဖြင့် ခွဲခြားစွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး စျေးသူ/သားများနှင့်အတူ အဝါ၊ အစိမ်း၊ အနီ၊ အပြာ အမှိုက်ပုံးအရောင် အမှိုက်အမျိုးအစား(၄)မျိုး စွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရာမည