လွိုင်ကော် ဇွန် ၂၉
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ သန့်ရှင်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ ဒေါဥခူ ပရိယတ္တိစာသင်တိုက် ပြန်လည်ပြုပြင်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၍ ပြည်နယ်လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါဥခူပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရအား ဖူးမြော်ကြည်ညို၍ ကျောင်းတိုက် သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ကျောင်းတိုက်အတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများက ကုသိုလ်ပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ကျောင်းတိုက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သိမ်တော်၊ ဓမ္မာရုံ၊ ဆွမ်းစားဆောင်များ၊ ဆရာတော် သီတင်းသုံးသည့် အဆောင်များနှင့် အလှူရှင်များက ပြင်ဆင်ပေးလျက်ရှိသော ကျောင်းဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်သာသနာရေးဦးစီးဌာန တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်၊ သံဃာတော်များ ပြန်လည်သီတင်းသုံးနိုင်ရေး အတွက် ဦးစားပေးပြုပြင်ပေးရမည့် ကျောင်းတိုက်များကို အမြန်ပြန်လည်ပြုပြင်ပေးနိုင်ရေး တာဝန် ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ရန်ပုံငွေဖြင့် လွိုင်ကော်-ဟိုပုံး လမ်းပိုင်းတွင် Box Culvert တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ချိန်အမီ ပြီးစီးရေးဆောင်ရွက်ရန်နှင့် အများပြည်သူလမ်းအသုံးပြုမှု အဆင်ပြေစေရေးအတွက် လမ်းညွှန်းများအား စနစ်တကျ ဆောင်ရွက် ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ အားကစားကွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်အားကစားသမားများ၏ တာတို၊ တာလတ် အပြေး လေ့ကျင့်မှုများ၊ စံချိန်ယူမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားသမားများအား အားကစားစိတ်ဓာတ်ထားရှိ၍ ကောင်းသောယှဉ်ပြိုင်မှုဖြင့် ပြည်နယ် ဂုဏ်ဆောင်အားကစားသမားများ ဖြစ်အောင်အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် ပြည်နယ် လက်ရွေးစင်မှ နိုင်ငံ့လက်ရွေးစင်ဖြစ်အောင် ရည်မှန်းချက်ထား၍ ကြိုးစားကြရန် မှာကြားပြီး အားကစားသမားများနှင့် နည်းပြများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)