မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းအခမ်းအနား ကျင်းပ 

မော်လမြိုင် ဇွန် ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊  မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ/စစ်သည်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်မှ MEVM စက်ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြစ်ပေါ်လာပုံ၊ အသုံးပြုပုံနည်းစနစ်များ၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် ဇနီးများ၊ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ/စစ်သည်များက MEVM မဲပေးစက်အား လက်တွေ့စမ်းသပ်မဲပေးနေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)