ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ယာယီနေရပ်စွန့်ခွာစုရပ်များရှိ ကျောင်းသား၊ ကျောင်းသူများအား ထီးများ ပေးအပ်၊ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

စစ်တွေ ဇွန် ၂၈

စစ်တွေမြို့၊ ယာယီနေရပ်စွန့်ခွာစုရပ်များရှိ ကျောင်းသား၊ ကျောင်းသူများအား ထီးများထောက်ပံ့ပေးအပ်ခြင်းနှင့် ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြုအားကစားသမားများအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အောင်မြေကုန်းဘုန်းတော်ကြီးကျောင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတို့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ တာဝန်ရှိသူများသည် အောင်မြေကုန်းဘုန်းတော်ကြီးကျောင်း၌ကျင်းပသော ယာယီနေရပ်စွန့်ခွာစုရပ်များရှိ ကျောင်းသား၊ ကျောင်းသူများအား ထီးများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့ရှိ ယာယီနေရပ်စွန့်ခွာစုရပ် (၅၄) ခုတွင် နေထိုင်ကြသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထီးများဝယ်ယူထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာစုရပ်များတွင် နေထိုင်ကြသည့် ပြည်သူများလုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စုရပ်များတွင် နေထိုင်ကြသည့် မိဘပြည်သူများ၏ သား၊ သမီးများ ပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက် နီးစပ်ရာကျောင်းများတွင် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ မိမိတို့၏ သား၊ သမီးများ ပညာဆုံးခန်းတိုင်အောင်တက်ရောက်သင်ကြားနိုင်ရေး တိုက်တွန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိဘများ၏ ဂုဏ်ကျေးဇူး၊ ဆရာ၊ ဆရာများ၏ ဂုဏ်ကျေးဇူးကို ပညာကြိုးစားသင်ယူတတ်မြောက်ခြင်းဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ကြိုးစားမှ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးသည် နိုင်ငံတစ်ခု၊ ပြည်နယ်တစ်ခု၊ ဒေသတစ်ခု၏ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နောင်တစ်ခေတ်တွင် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာအောင် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုများ များစွာဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့ကလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရည်မြင့်မားပြီး ပိုမိုတိုးတက်ကောင်းမွန်သော အနာဂတ်လူချွန်၊ လူကောင်းများဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စခန်းတာဝန်ခံတစ်ဦးနှင့် တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က စခန်းတာဝန်ခံတစ်ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက စခန်းတာဝန်ခံတစ်ဦးနှင့် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ထီးများပေးအပ်ခဲ့ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် စခန်းတာဝန်ခံများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး ကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အကြို အခြေခံပညာအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ကျောင်းစာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ် ကိုယ်စားပြုအားကစားသမားများအား  ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစား ပြိုင်ပွဲတွင် ပြိုင်ပွဲ(၁၅)မျိုးကျင်းပသွားမည်ဖြစ်ရာ ရခိုင်ပြည်နယ်မှ ပြိုင်ပွဲ(၁၃)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရာတွင် အဆင့်အတန်းမီမီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အသင်အုပ်ချုပ်သူ၊ အသင်းနည်းပြများအနေဖြင့် မိမိအသင်း၏အားနည်းချက်၊ အားသာချက်များကို အမြဲတမ်းကြည့်ရှုသုံးသပ်ရန်လိုကြောင်း၊ လေ့ကျင့်မှုအပိုင်း၊ နေထိုင်စားသောက်ရေးအပိုင်းများကိုလည်း ဂရုတစိုက်ကြပ်မတ်ရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရခိုင်ပြည်နယ်အနေဖြင့် ရွှေ (၅) ဆု၊ ငွေ (၁၁) ဆု၊ ကြေး (၁၆) ဆုရရှိခဲ့ကြောင်း၊ ယခုအားကစားပြိုင်ပွဲများတွင်လည်း ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်  ဆုများ ထိုက်ထိုက်တန်တန်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား အောင်မြင်မှုများရရှိနိုင်ရေး အားပေးစကားပြောကြားကြသည်။

ဆက်လက်၍ အားကစားနည်းအလိုက် အုပ်ချုပ်သူများနှင့် နည်းစနစ်မှူးများက အားကစားသမားများအား စခန်းသွင်းလေ့ကျင့်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော မောင်ကျော်ရွှေအား ဂုဏ်ပြုဆုငွေ ကျပ်(၁၀)သိန်းနှင့် U – 18 ပြေးခုန်ပစ်အသင်း၊ U – 18 ဘောလုံးအသင်းနှင့် ပိုက်ကျော်ခြင်းအသင်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

အလားတူ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ စစ်တွေတက္ကသိုလ်၌ ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အကြို အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝနရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

မြန်မာအမျိုးသမီးများနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအဆင့်၌ (၁၀၀) ဦးနှင့် အဆင့်မြင့်ပညာအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၄၅ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ နေရပ်စွန့်ခွာစခန်းများတွင် နေထိုင်ကြသူများအား လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအား ပေးခဲ့ကြသည်။

ဦးစွာ နာယကနှင့်အဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းဆရာများက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာအား စာတွေ့သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးကြပြီး သင်တန်းသား၊ သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ နာယကနှင့်အဖွဲ့ဝင်များသည် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာအား လက်တွေ့သင်ကြားပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ သင်တန်းသား၊ သင်တန်းသူများက အဝတ်လျှော်ဆပ်ပြာဆီ၊ မျက်နှာသစ်ဆပ်ပြာခဲ၊ ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာခရင်(မ်)၊ ခေါင်းလျှော်ရည်၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ ဆပ်ပြာမှုန့် စသည်တို့ကို လက်တွေ့လုပ်ဆောင်ပြီး ကုန်ချောအဖြစ် ထုတ်လုပ်ပြသခဲ့ကြသည်။

ယင်းနောက် နာယကနှင့်အဖွဲ့ဝင်များက သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများပေးအပ်ကြပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)