မော်လမြိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးစေခြင်း အခမ်းအနား ကျင်းပ

မော်လမြိုင် ဇွန် ၂၈

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊  မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်မှ MEVM စက်ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြစ်ပေါ်လာပုံ၊ အသုံးပြုပုံနည်းစနစ်များ၊ မဲပေးစက် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများက MEVM မဲပေးစက်အား လက်တွေ့စမ်းသပ်မဲပေးနေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)