ကယားပြည်နယ်အစိုးရအဖွဲ့က အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်

လွိုင်ကော် ဇွန် ၂၈

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ ပညာရေးကဏ္ဍနှောင့်နှေးမှုမရှိစေရေးနှင့် အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ယူနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကယားပြည်နယ်အစိုးရအဖွဲ့က အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေ၊ အခြေခံစားသောက် ကုန်များနှင့် ကျောင်းသုံးစာရေးကိရိယာများ ချီးမြှင့်ပေးအပ်ပွဲကို လွိုင်ကော်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရန်နှင့် အထောက်အပံ့ဖြစ်စေရန် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ စားသောက်မှုအဆင်ပြေစေရေးအတွက် ယခုကဲ့သို့ ချီးမြှင့်ငွေ၊ အခြေခံစားသောက်ကုန်နှင့် ကျောင်းသုံးစာရေးကိရိယာများကို ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ပညာရေးကဏ္ဍ နောက်ကျကျန်ရစ်မှုမရှိစေဘဲ ခေတ်စနစ်နှင့်အညီ တိုးတက်နေသည့် ပညာရပ်များကို လေ့လာသင်ယူနိုင်ရေး အဘက်ဘက်မှ ပံ့ပိုးဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ ယခုတက်ရောက်နေသည့်သင်တန်းများတွင် ထူးချွန်စွာအောင်မြင်ပြီး ပိုမိုအဆင့်မြင့်သည့် အင်ဂျင်နီယာအတတ်ပညာများ လေ့လာသင်ယူ၍ နိုင်ငံတော်နှင့်ပြည်နယ်အတွက် အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများဖြစ်လာအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန် စားသောက်မှုအဆင်ပြေစေရေး စားရေရိက္ခာအတွက် ချီးမြှင့်ငွေများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံစားသောက်ကုန်များပေးအပ်ရာ ကျောင်းအုပ်ကြီး ဦးဆန်းလင်းဗိုလ်၊ ကထိကဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်တို့က လက်ခံရယူကြသည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့က ကျောင်းငွေပဒေသာပင် ချီးမြှင့်ငွေများနှင့် ကျောင်းသုံးစာရေးကိရိယာများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက စားဖိုဆောင်ချက်ပြုတ်ရေးအဖွဲ့အတွက် တစ်နှစ်စာချီးမြှင့်ငွေနှင့် ကျောင်းသုံးစာရေးကိရိယာများအားလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ကျောင်းဘက်စုံအသုံးပြုနိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းငွေများအား စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ကျောင်းအုပ်ကြီးတို့က လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း ဖွင့်လှစ်ပညာသင်ကြားနေမှုအခြေအနေများကို ကျောင်းအုပ်ကြီးက ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အလုပ်ရုံအတွင်း ကျောင်းသူ၊ ကျောင်းသားများ လက်တွေ့ပြုလုပ်ထားသည့် မြို့ပြလျှပ်စစ်နှင့် အင်ဂျင်နီယာလုပ်ငန်းများ၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် စက်မှုလုပ်ငန်းသုံးလျှပ်စစ်မော်တာ ထိန်းချုပ်စနစ်များ ဆောင်ရွက်ထားမှုများအား ကြည့်ရှုအားပေးပြီး ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ ကျောင်းအုပ်ကြီးရုံးခန်းနှင့် စာကြည့်တိုက်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)