မင်းတုန်း ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီ၌ တံတားကျေးရွာအုပ်စု၊ တောင်သူဦးသန်းနိုင်၏ ကွင်းအမှတ်(၃၂၈)၊ ဦးပိုင်အမှတ်(၁၉၉/၂) လယ်မြေ ၁.၄၇ ဧကတွင် ရက်(၉၀) စပါးမျိုးကို မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါး တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ တံတား ကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းဖြင့် ကြဲခင်းထက် မျိုးစေ့နှုန်းထား လျှော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ အမြစ်ကြီးထွား ဖွံ့ဖြိုးမှု စောစီးစွာရရှိစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ် ပိုပိုခံနိုင်ရည်ရှိခြင်း၊ အသုံးပြုမြေဩဇာ၏ အကျိုးသက်ရောက်နိုင်စွမ်းပိုမို ကြာမြင့်စေခြင်း၊ ရေကိုပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)