ပခုက္ကူ ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ရေးဦးစီးဌာန မြဧရာ(၂)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပခုက္ကူခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဦးက အမျိုးသမီးကော်မတီဖွဲ့စည်းရသည့် ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များ၊ အမျိုးသမီးများ၏အခွင့်အရေးမြှင့်တင်ပေးရေးနှင့် စွမ်းဆောင်ရည်မြင့်မားလာစေရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပါဝင်ဆောင်ရွက်နိုင်ရေး ဘက်ပေါင်းစုံမှပံ့ပိုးဆောင်ရွက်ပေနေမှုများ၊ အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် လူကုန်ကူးမှုနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်ကြားလာမှုအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်ပေးနေမှုများ အကြောင်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာကော်မတီဝင်ဌာနဆိုင်ရာများအလိုက် အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)