နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း အောင်နိုင်တိုးနွေစပါးစံကွက် ရိတ်သိမ်းပွဲတက်ရောက်၊ စိုက်ပျိုးရေးသုတေသနခြံအတွင်း ပြောင်းနှင့် နေကြာစိုက်ပျိုးမှုကြည့်ရှု

တပ်ကုန်း ဇွန် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ကွင်းအမှတ် ၁၃၁၉ ကွင်း၊ တောင်သူ ဦးတင်ထွန်းအောင်၏ အောင်နိုင်တိုးနွေစပါး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့် စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အနီးအနားရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် နွေစပါးစိုက်တောင်သူများ တက်ရောက်ခဲ့သည်။

အဆိုပါရိတ်သိမ်းပွဲတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တက်ရောက်လာသူများက ရိတ်ခြွေစက်ဖြင့် နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး၍ ဒသမ ၁၀ ဧကလျှင် အစိုထွက်နှုန်း ၁၄ တင်း၊ လေးပြည်၊ တစ်ဧကလျှင်အစိုထွက်နှုန်း ၁၄၃ တင်းထွက်ရှိခဲ့ပြီးနောက်   နေပြည်တော်ကောင်စီဝင်က စပါးစိုက်တောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများ မှန်ကန်အောင်ဆောင်ရွက်နိုင်ရေး၊ ကျွဲချေး၊ နွားချေးများ၊ သစ်ရွက်အမှိုက်သရိုက်များပေါင်းစပ်၍ သဘာဝမြေဆွေးများပြုလုပ်ပြီး လယ်ယာမြေများအတွင်း ထည့်သွင်းအသုံးပြုစိုက်ပျိုးနိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်ထွက်ရှိနိုင်ရေး၊ ဒေသခံတောင်သူများ၏ ထွက်ရှိသည့်သီးနှံများ ကုန်ကြမ်းအဖြစ်မှ ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်ရောင်းချနိုင်ရေး၊ တစ်နှစ်လျှင် သုံးသီးစားအဖြစ် သီးနှံများစိုက်ပျိုးနိုင်ရေး တက်ရောက်လာသူများအား ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ တောင်သူများနှင့်အတူ မြို့နယ်စိုက်ပျိုးရေးသုတေသနခြံသို့ရောက်ရှိ၍  အကွက်အမှတ် B- 3 ၊ စိုက်ဧကရှစ်ဧက၊ ရေဆင်း- ၁၁ စပ်မျိုးပြောင်း မျိုးစေ့ထုတ်လုပ်စိုက်ခင်း၊ အကွက်အမှတ် A – 3 ၊ စိုက်ဧကရှစ်ဧက၊ နေကြာမိဘလိုင်(A)လိုင်းပွားစိုက်ခင်းများ ကြည့်ရှုအားပေးကာ မြို့နယ်သုတေ သနခြံတာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးသာထွန်းက ပြောင်းနှင့်နေကြာများ စိုက်ပျိုးမှု၊ မျိုးစေ့ထုတ်လုပ်မှုများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က (MSME) ထုတ် ကုန်ပစ္စည်းအဖြစ် ထပ်မံထုတ်လုပ်ရောင်းချ၊ ပြေသနိုင်သည်အထိ ဆောင်ရွက်နိုင်ရေး ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်