တပ်ကုန်း ဇွန် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နေပြည်တော်သွားဆေးရုံနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သွားခံတွင်းကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အုပ်စိုးလင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုအန္တရာယ်အကြောင်း၊ နေပြည်တော်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်သူရက သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဦးကျော်ဇင်ထွန်းက ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ဦးတင်အေးက သွေးလွန်တုပ်ကွေးရောဂါအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် နေပြည်တော်သွားဆေးရုံမှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်စီနှင့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အုပ်စိုးလင်းနှင့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် KG တန်းမှ G -12 တန်းထိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ လက်တွေ့သွားတိုက်နည်းစနစ်သင်ကြားခြင်းနှင့် သွားနှင့်ခံတွင်းများစစ်ဆေးပေးခဲ့ပြီး ကုသရန်လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူများအား ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်