လယ်ဝေး ဇွန် ၂၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန်လ (၂၄) ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်း ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်းကာ ဆုလက်ဆောင်များ ပေးအပ်သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မျိုးသန့်ထွန်း( ပြန်/ဆက်)