မော်လမြိုင် ဇွန် ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ဘုတ်များတွင် ပြည်နယ်/ခရိုင်ရဲတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းပုံများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ပန်းချီပိုစတာများ၊ အသိပညာပေးဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ လူသားတို့၏ စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးအစ ဆေးလိပ်ကဟူသည့်အတိုင်း ဆေးလိပ်ကို မသောက်သုံးမိကြစေရန်၊ လူငယ်လူရွယ်များမူးယစ်ဆေး သုံးစွဲရသည့်အကြောင်းအရင်းများနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနည်းလမ်းများကို ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် ပြသဆောင်ရွက်ထားရာ အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်းမှ ကျောင်းသား/သူ(၂၄၀)ဦးက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ဖြန့်ဝေသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)