နေပြည်တော် ဇွန် ၂၆
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို မော်လမြိုင်ခရိုင်အတွင်းရှိ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အ.ထ.က(ခွဲ)ကျိုက်မရောကျောင်း၌လည်းကောင်း၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ချောင်းဆုံ(အထက)ကျောင်းတွင်လည်းကောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌမှ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ "မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ"၊ "မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ"၊ ဆောင်ပုဒ်များ၊ ကဗျာ၊ ဆောင်းပါးနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ထားသည့် မှတ်တမ်းဓါတ်ပုံများ၊ ကာတွန်းများ ထည့်သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။