ပဲခူးမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "အမျိုးသမီးသက်မွေးပညာသင်တန်း" ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  "အမျိုးသမီးသက်မွေးပညာသင်တန်း" အခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ပေးခဲ့ သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌလူမှုရေးရာဝန်ကြီးဦးမျိုးအောင်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာ ဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ပါ အမျိုးသမီးများအတွက် အဓိကအကောင်အထည်ဖော်ရမည့် ကဏ္ဍ(၁၂)ရပ်ရှိသည့်အနက် အမျိုးသမီးများနှင့်အသက် မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့်စီးပွားရေး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားကဏ္ဍတို့ကို အကောင်အထည် ဖော်သည့်အနေဖြင့် ဒီအမျိုးသမီးသက်မွေးပညာသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အမျိုးသမီးသက်မွေးပညာသင်တန်းများကို တက်ရောက်ကြမယ့်သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိမယ့်နည်းလမ်းများကို သေချာမှတ်သားလေ့လာကြပြီး ပြန်လည်အသုံးချကြရန်နှင့် အမျိုးသား၊ အမျိုးသမီးအခွင့်အရေးတို့ကို သာတူ ညီမျှ၊ တန်းတူညီမျှသော လူ့ဘောင်အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်အောင် အားလုံးဝိုင်းဝန်းဖော်ဆောင်ပေးကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်စိုးစိုးသက်နှင့် တာဝန်ရှိသူများက သင်တန်းတွင်သင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အမျိုးသမီးသက်မွေးပညာသင်တန်းတွင် ပန်းအလှပြုပြင်နည်းသင်တန်းနှင့် မြန်မာအစားအစာပြုလုပ်နည်းသင်တန်းကို သင်တန်းကာလ(၄)ရက်ဖြင့်လည်းကောင်း၊ ပွဲတက် လက်ကိုင်အိတ်ပြုလုပ်နည်းနှင့် အလှဆွဲခြင်းပြုလုပ်နည်းသင်တန်းကို သင်တန်းကာလ ၆ ရက်ဖြင့်၊ ဇွန်လ ၂၆ ရက်နေ့မှစတင်၍ သင် တန်းသူ ၄၀ ဦးအား  သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)