ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၊ ဘီလူးချောင်းမြေထိန်းနံရံများ တည်ဆောက်နေမှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇွန် ၂၅

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ ဘီလူးချောင်းကမ်းပါး ချောင်းရေတိုက်စားမှုမှကာကွယ်နိုင်ရန် မြေထိန်းနံရံတည်ဆောက်နေမှုအခြေအနေများ၊ ရှုခင်းသာပန်းခြံအတွင်း ပြည်သူများအပန်းဖြေနားနေနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ပြည်နယ်စည်ပင်အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြေထိန်းနံရံအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စနစ်တကျဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်၊ ဘီလူးချောင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် ပန်းခြံအား အများပြည်သူ စိတ်အေးချမ်းသာစွာ အပန်းဖြေနားနေနိုင်ရေးအတွက် နားနေရန်နေရာများ ပန်းခြံအတွင်း ပန်းအလှပင်များဖြင့် စိမ်းလန်းစိုပြည်လှပနေစေရေး မပြတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရှမ်းစုရပ်ကွက် အနိမ့်ပိုင်းတွင် ချောင်းရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် မြေထိန်းနံရံနှင့် ရေတားနံရံများ၊ ရေထိန်းတံခါးများဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများအား ကမ်းနားလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘီလူးချောင်းတစ်လျှောက် ရေကြီးရေလျှံ ဖြစ်ပေါ်နိုင်သည့်နေရာများတွင် ရေတားနံရံများ အမြန်တည်ဆောက်နိုင်ရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ လွိုင်ကော်မြို့အဝင် လမ်းမကြီးလမ်းဘေးဝဲ/ယာတစ်လျှောက် ပန်းအလှပင်များ စိုက်ပျိုးနေမှုနှင့် လမ်းလယ်ကျွန်းရှိအလှပင်များ စနစ်တကျရှိစေရေး ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လွိုင်ကော်မြို့အား စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့တော်ဖြစ်လာစေရေး ဆောင်ရွက်နေသည့်အတွက် စိုက်ပျိုးသည့် ပန်းအလှပင်များ ရှင်သန်ဖြစ်ထွန်းစေရေး အလေးထားဆောင်ရွက်ရန်၊ စိုက်ပျိုးရန်နှင့် ပြုပြင်ရန်ကျန်ရှိသည့်နေရာများတွင်လည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် နောင်ယား(က)ရပ်ကွက်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန စုပေါင်းဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၃)ထပ် အိမ်ရာအမှတ် ( ၂၀၊ ၂၁၊ ၂၂)တို့တွင်  ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအမီ ပြီးစီးရေးနှင့် လုပ်ငန်းပြီးစီးပါက ဝန်ထမ်းများအား သတ်မှတ်ချက်နှင့်အညီ အမြန်နေရာချထားပေးနိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)