ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လွိုင်ကော် ဇွန် ၂၅

ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ကောင်စီဝင်များ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုခရိုင်၊ လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ်အတွင်း ယာဉ်အသုံးပြုမှု ပြန်လည်များပြားလာသည်နှင့်အမျှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများနှင့်အညီ  အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အသိပညာပေးခြင်း၊ စစ်ဆေးကြပ်မတ်ခြင်း၊ အရေးယူခြင်းများကို အဆင့်အလိုက် စနစ်တကျ စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ လိုင်စင်မဲ့ယာဉ်များ အသုံးပြုမှုမရှိစေရေးနှင့် ဥပဒေမဲ့ကုန်ပစ္စည်းများသယ်ဆောင်မှုမရှိစေရေး အလေးထားကြပ်မတ်စိစစ်ကြရန်လိုကြောင်း၊ လုပ်ငန်းများလုပ်ဆောင်ရာတွင် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် စိတ်ရင်းစေတနာရင်း မှန်ကန်စွာ ပြည်သူ့အကျိုးရှေးရှုဆောင်ရွက်သွားကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး၊ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဖွဲ့စည်းပုံ၊ ရည်မှန်းချက်၊ ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ကောင်စီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ဆောင်မည့်အစီအမံများနှင့် လုပ်ငန်းအပေါ်အကြံပြုတင်ပြချက်များအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ မှာကြားခဲ့ပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)