စစ်တွေ ဇွန် ၂၅
ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း မြို့နယ် သုံးခုတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စရပ်များကို စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုတိုးမြင့်လာရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေသည့် ကလေးတိုင်း စဉ်ဆက်မပြတ်ကျောင်းတက်ရောက်နိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် ပညာရေးသည် အခြေခံအကျဆုံးဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်အခါ ပညာရှာရမည့်အရွယ်မှာ ပညာကိုဆုံးခန်းတိုင်အောင် လေ့ကျင့်သင်ကြားရန်လိုကြောင်း၊ ယာယီနေရပ်စွန့်ခွာ စခန်းများတွင် နေထိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်သင်ကြားနိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအဆင့်အတန်း မြင့်မားလာရန် ဒေသကိုချစ်ခင်တတ်လာရန် နိုင်ငံကိုချစ်ခင်တတ်ရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် မွေးမြူတတ်စေရန် ဆရာ၊ ဆရာမများက လေ့ကျင့်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ အလားတူ အဆင့်မြင့်ပညာဖြစ်သော တက္ကသိုလ်များတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးသည် အနာဂတ်မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မျိုးဆက်သစ်လူငယ်များကို ပျိုးထောင်ပေးရာရောက်သည့်အတွက် အလွန် အရေးကြီးပြီး မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန် ပစ္စည်းများချီးမြှင့်ပေးအပ်နေသည့်အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းများကိုလည်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ယာယီနေရပ်စွန့်ခွာပြည်သူများကိုလည်း ပေးအပ်လျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများနှင့်တာဝန်ရှိသူများကလည်း လိုအပ်သည်များရှိပါက တင်ပြပေးကြစေလိုကြောင်း၊ ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာရေးသည် မိမိတို့၏အဓိက ရည်မှန်းချက်ဖြစ်ကြောင်းနှင့် အကြောင်းအမျိုးအမျိုးကြောင့် ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းထဲသို့ရောက်ရှိနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးနှင့်စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်း ကျောင်းတို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးတို့က ကျောင်းများဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအခြေအနေများ၊ အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး