ပြည်ခရိုင်‌ (ဇီးအုပ်)တောင်သူလယ်သမားသင်တန်းကျောင်း၌ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်လှစ်

ပြည် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ (ဇီးအုပ်) တောင်သူလယ်သမားသင်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်ခရိုင်နှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့များ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် ပြည်ခရိုင်နှင့်နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသားတောင်သူ(၄၀)ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က သင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် AIနည်းပညာလက်တွေ့အသုံးပြုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးပြောကြားပြီး သင်တန်း၌လက်တွေ့သင်ကြားပေးမည့်အခြေအနေများနှင့် သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်း‌ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကဏ္ဍအလိုက် စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာကျွမ်းကျင် နည်းပြဆရာ၊ ဆရာမများက စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုလယ်ယာကဏ္ဍ၊ ဆည်မြောင်းကဏ္ဍနှင့် စားသုံးသူရေးရာကဏ္ဍအစရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပညာရပ်များကို ဇွန် ၂၄ ရက်မှ ၂၆ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ‌မည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)