စစ်တွေ ဇွန် ၂၄
ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အလုပ်အကိုင်ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများနှင့် အသေးစား ကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုး စီမံကိန်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်မည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများမှ လူငယ်လူရွယ်များကို ရွေးချယ်၍ အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းပြီးမြောက်သည့်အခါတွင် သင်တန်းမှရရှိသည့် အသက်မွေးမှုအတတ်ပညာများကို အခြေခံ၍ တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ကာ မိသားစုဝင်ငွေတိုးပွားရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သင်ကြားပေးခြင်းလည်း ဖြစ်ကြောင်း၊ ယခုသင်ကြားပေးမည့် ထုတ်ကုန်ပစ္စည်းများသည် လူတစ်ဦးတစ်ယောက်အတွက် နေ့စဉ်မရှိမဖြစ် အသုံးပြုနေရသော ပစ္စည်းများဖြစ်ခြင်းကြောင့် မိမိတို့ဒေသအတွင်း ထုတ်လုပ်နိုင်ပါက ဒေသခံပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာ အလွယ်တကူဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရန်အတွက် အရင်းအနှီးအနည်း ငယ်သာလိုခြင်း၊ လုပ်ငန်းခွင်နေရာကျယ်ကျယ် ဝန်းဝန်းမလိုခြင်း၊ လျှပ်စစ်မီးအသုံးပြုရန်မလိုခြင်းတို့ကြောင့် တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိရန်အတွက် မိမိတို့နေထိုင်သောနေရာတွင် အလွယ်တကူ ကုန်ထုတ်လုပ်ငန်းကို ဆောင်ရွက်နိုင်သော အားသာချက်များစွာရှိကြောင်း၊ မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာတွင် MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှာ ပါဝင်နေကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာလျှင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်မှု၊ ပံ့ပိုးကူညီမှုတို့ကို ဆောင်ရွက်ပေးနေသကဲ့သို့ ဒေသအတွင်းကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းက သင်ကြားပေးသော အသက်မွေးဝမ်းကျောင်း အတတ်ပညာများကိုအသုံးချပြီး လူသုံးကုန်ဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်အောင် ကြိုးစားအားထုတ် လေ့လာသင်ယူကြပြီး မိသားစုဝင်ငွေတိုးပွားရေးကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သင်တန်းသုံးကုန်ကြမ်းပစ္စည်းများပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံယူသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြပြီး ခန်းမအတွင်း လူသုံးကုန်ပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယခုဖွင့်လှစ်မည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် အဝတ်လျှော်ဆပ်ပြာဆီပြုလုပ်နည်း၊ မျက်နှာသစ်ဆပ်ပြာခဲပြုလုပ်နည်း၊ ရေချိုးဆပ်ပြာရည်ပြုလုပ်နည်း၊ ဆပ်ပြာခရင်(မ်)ပြုလုပ်နည်း၊ ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာဆီပြုလုပ်နည်း၊ ဆပ်ပြာမှုန့်ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားဖြစ်ပြီး ယာယီနေရပ်စွပ်ခွာစခန်းများမှ သင်တန်းသား၊ သင်တန်းသူ ၄၀ တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး