ဟင်္သာတ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာတွင် နံနက်ပိုင်း၌ အလယ်တန်းအဆင့်ကျောင်းသား/သူများမှ “ဆန့်ကျင်ကာကွယ်မူးယစ်အန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နေ့လယ်ပိုင်း၌ အထက်တန်းအဆင့် ကျောင်းသား/သူများမှ “ရှောင်လေဝေးဝေးမူးယစ်ဆေး” ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ စာစီစာကုံးပြိုင်ပွဲအပြီးတွင် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကိုလည်းကောင်း ပြည်သူ့စာကြည့်တိုက်တွင်လည်း ကျောင်းသား/သူများအတွက် ဗဟုသုတရရှိစေမည့် စာအုပ် စာစောင်များကိုလည်း ခင်းကျင်းပြသခဲ့သည်။
စာစီစာကုံးပြိုင်ပွဲသို့ အလယ်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၃၅) ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၃၀) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)