စစ်တွေ ဇွန် ၂၄
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ပွဲကို ဇွန် ၂၃ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာလာရောက်ထုတ်ယူကြသည့် အငြိမ်းစား ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အငြိမ်းစားဝန်ထမ်းများအား မြန်မာ့ စီးပွားရေးဘဏ် ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနိုင်ရန်အတွက် လိုအပ်သောစိစစ်မှုများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေး နေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အငြိမ်းစား ဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့်ဆန်နှင့် စားသောက်ဖွယ်ရာများအား ပေးအပ်ချီးမြှင့်ကြသည်။ အလားတူ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များကလည်း အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခြင်း ကျန်းမာရေးစောင့်ရှောက်မှုခံယူကြသူများအား လိုအပ်သော ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။
အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့် ပေးအပ်ခြင်းဆောင်ရွက်ရာတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခုတင် ၅၀၀ ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးတို့က အနီးကပ်ကြီးကြပ်ကာ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာ ပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်းနှင့် အီးစီဂျီရိုက်ပေးခြင်းများကိုဆောင်ရွက်ပေးကြပြီး လိုအပ်သောဆေးဝါးများကိုလည်း အခမဲ့ထုတ်ပေးကြသည်။ အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း အငြိမ်းအစားဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ရုံးဖွင့်ရက်များ၌ နံနက် ၇ နာရီမှစတင်၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခြင်းများကို စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ လစဉ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး