ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျာင်း (စစ်တွေ)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့်နေ့လယ်စာ စားပွဲတက်ရောက်

စစ်တွေ ဇွန် ၂၄

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျာင်း(စစ်တွေ)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် နေ့လယ်စာစားပွဲကို ဇွန်လ ၂၂ ရက်နေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများသည် ဖွံ့ဖြိုးရေးသင်တန်းကျာင်း (စစ်တွေ)ရှိ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျောင်းသား၊ ကျောင်းသူများ၏ အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ကျောင်းအုပ်ကြီးတို့က လိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းကျောင်းအတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက် ထားရှိမှုနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ထမင်းစားဆောင်တွင် နေ့လယ်စာစားပွဲကိုကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျောင်းသား၊ ကျောင်းသူများ၏ နေထိုင်စားသောက်ရေးအတွက် လိုအပ်သော ကူညီဆောင်ရွက်မှုများပေးနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ လာရောက်ခြင်းဖြစ်ကြောင်း၊ ကျောင်းအတွက် နိုင်ငံတော်မှလိုအပ်သော ထောက်ပံ့မှုများ ပေးထားသကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့ကလည်း လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလာရောက်ရာတွင်လည်း ကျောင်းသား၊ ကျောင်းသူများအတွက် စားစရိတ်အပိုဆောင်းငွေများ၊ ပညာသင်စရိတ်နှင့် မိုးတွင်းကာလဖြစ်သည့်အတွက် မိုးကာအင်္ကျီများကို လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုများသည် မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းအတွင်း နေထိုင်စဉ် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီနေထိုင်ပြီး ပညာကိုကြိုးစား သင်ယူကြစေလို ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နောင်တစ်ချိန်တွင် မိမိတို့ဒေသ၌ လက်ဆင့်ကမ်း တာဝန် ထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်များဖြစ်ကြောင်း၊ လူငယ်များသည် စာပေ တတ်မြောက်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာလျင် ရခိုင်ပြည်နယ်ကြီးသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာကိုကြိုးစားသင်ယူကြပါ၊ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်နေထိုင်ပြီး ရိုင်းပင်းကူညီစောင့်ရှောက်ကြပါ၊ အထူးသဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်အောင် လေ့ကျင့်နေထိုင်ကြပါ၊ ကောင်းမွန်သောလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန် မိမိကိုယ်တိုင်ဝိရိယထုတ် ကြိုးစားရမည်ဖြစ်သဖြင့် မိမိဘဝကိုမိမိကိုယ်တိုင် ထိန်းကျောင်းကာ မိမိရည်မှန်းချက်အတိုင်း လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုံးမဩဝါဒစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် စားစရိတ်အပိုဆောင်းငွေများအား လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က ကျောင်းသား၊ ကျောင်းသူများအား မိုးကာအင်္ကျီများအားလည်းကောင်း ပေးအပ်ကြသည်။ ယင်းနောက် ရခိုင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်က အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ချီးမြှင့်ငွေများအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အလယ်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ် ချီးမြှင့်ငွေများအားလည်းကောင်း ပေးအပ်ကြသည်။

ထို့နောက် ကျောင်းသူတစ်ဦးက စားစရိတ်အပိုဆောင်းငွေ၊ မိုးကာအင်္ကျီ၊ ပညာသင်စရိတ် ချီးမြှင့်ငွေများနှင့် အထူးနေ့လယ်စာ ကျွေးမွေးခြင်းအပေါ် ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ကြပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)