မင်းလှ ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိညာပေးဟောပြော၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။
အသိပညာပေးပြောကြားရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က မူးယစ်ဆေးဝါး၏အန္တရာယ်၊ ဆိုးကျိုးများအကြောင်း ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးအား ရှောင်ရှားရမည့်နည်းလမ်းများကို ပြောကြားခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးတို့ရှောင်ရှား ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်ရာ အ.မ.က(လွန်) ဇေယျဝတီကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ ဆုရရှိသော ကျောင်းသား/သူများကို ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့် ပတ်သက်သည့် စာအုပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံပိုစတာများကို ပြသခဲ့ရာ ကျောင်းသား/သူများ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)