ကျိုက်လတ် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းကာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့နံနက် (၇) နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်၊ ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကိုသွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ အခြေအနေများ တိုင်းတာစစ်ဆေးပေး၍ လိုအပ်သည့်သောက်ဆေးများပေးခြင်း၊ မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူစေခြင်းစသည်တို့ ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မွေး/ကုဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများအပါအဝင် တာဝန်ရှိသူများက ဧည့်မထအမျိုးအစားဆန်များကို တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် (၃၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆီငါးဆယ်ကျပ်သား တစ်ဘူးလျှင် (၃၅၀၀) ကျပ်နှုန်းတို့ဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်