မုံရွာ ဇွန် ၂၃
ဟုမ္မလင်းခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့် ဆန်၊ ဆီများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ ဆုတောင်းပြည့်စေတီတော်ကြီးဝန်းအတွင်းရှိ ဓမ္မဝိစယဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုလိုထောက်ပံ့ပေးအပ်မှုသည် နေရပ်စွန့်ခွာပြည်သူများအတွက် လုံလောက်မှုမရှိသော်လည်း လတ်တလောစားဝတ်နေရေး အဆင်ပြေစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ ဒုက္ခသည် နိုင်ငံတော်၏ ဒုက္ခပင်ဖြစ်ခြင်းကြောင့် အားငယ်နေမည့်အစား အကြမ်းဖက်လုပ်ရပ်များအား ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကန့်ကွက်ကြမှသာ ဒေသတည်ငြိမ်အေးချမ်းပြီး မျိုးဆက်သစ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးမှအစ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု ပူးပေါင်းအားဖြင့် ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့် ဆန်၊ ဆီ ပေးအပ်ခြင်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူ ၅၈၅ ဦးအတွက် တစ်လစာထောက်ပံ့ငွေ ကျပ် ၂၉၂၅၀၀၀ (နှစ်ဆယ့်ကိုးသိန်းနှစ်သောင်းငါးထောင်ကျပ်)နှင့် ဆန်၊ ဆီများအား ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ဟုမ္မလင်း တပ်နယ်မှူး၊ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့မှ ယာယီနေရပ်စွန့်ခွာပြည်သူများထံ ဆန်၊ ဆီနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် မိသားစုသုံးပစ္စည်းများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် ဆေးရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဆေးရုံရှိဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာ များအားပေးအပ်ခဲ့ပြီး ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများနှင့်အတူ အာဟာရဖြည့် စားသောက်ဖွယ်ရာများအား လိုက်လံပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ သာသနာ့ဇောတိက မြို့မကျောင်းတိုက်သို့ရောက်ရှိရာ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက် ထားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေကြီးမြင့်မှုကြောင့် ဟုမ္မလင်းမြို့ရှိ ကမ်းထိန်းနံရံများ ကြံ့ခိုင်မှုရှိစေရေးတို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ကမ်းနားလမ်းတစ်လျှောက်အား သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ကွန်ကရစ်လမ်း ပြန်လည်ခင်းကျင်းရန် လိုအပ်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)