နမ့်စန်မြို့မစည်ပင်သာယာဈေးအနီး တစ်လမ်းမောင်းစနစ်အသုံးပြုသွားလာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေး

မ့်စန်(တ) ဇွန် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့မစည်ပင်သာယာဈေးနှင့် အနီးပတ်ဝန်းကျင် မီးဘေးလုံခြုံရေးအတွက် လိုအပ်ပါက မီးသတ်ကားများအလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေး၊ ယာဉ်ပိတ်ဆို့မှုလမ်းပိတ်ဆို့မှုများမဖြစ်ပွားဘဲ ပြည်သူများ အဆင်ပြေချောမွေ့စွာ ဈေးရောင်းဈေးဝယ်သွားလာနိုင်ရေးနှင့် မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းအား သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ နံနက် နာရီခွဲတွင် မြို့လယ်မီးပွိုင့်လမ်းဆုံမှစတင်၍ ဈေးလမ်းမကြီးတလျှောက် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းဦးဆောင်၍  အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စိတ်မှူး ဒုရဲမှူး ကျော်တေဇနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က မြို့လယ်မီးပွိုင့်မှ ဈေးလမ်းမကြီးအတွင်း တစ်လမ်းမောင်းစနစ် မောင်းနှင်ရန်ညွှန်ကြားထားပြီးဖြစ်၍ ယာဉ်မောင်းနှင်သူများ လိုက်နာဆောင်ရွက်ရေး၊ ဈေးလမ်းမကြီးဘေးဆိုင်ပိုင်ရှင်များနှင့် ပျံကျဈေးသည်များအနေဖြင့် သတ်မှတ်ဧရိယာအတွင်းသာ ဆိုင်ခင်းဈေးရောင်းချရေးနှင့် လမ်းနယ်နိမိတ်မကျူးကျော်ရေး၊ ဈေးအနီးယာဉ်များ စည်းကမ်းမဲ့ရပ်နားမှုမရှိစေရေးနှင့် သတ်မှတ်ယာဉ်အပ်နှံသည့်နေရာများတွင် အပ်နှံရေး၊ ဆိုင်ကယ် Taxi များ သတ်မှတ်နေရာများတွင် စနစ်တကျရပ်ရေး၊ မြို့မဈေးအတွင်း ဆိုင်ကယ်များ စီးနင်းဝင်ရောက်ခြင်းမရှိစေရေးနှင့် ဆိုင်ကယ်စီးဦးထုပ် ရှေ့၊ နောက် မဆောင်းဘဲ ယာဉ်မောင်းနှင်စီးနင်းသူများကို ရပ်တန့်စစ်ဆေး၍ ဦးထုပ်မပါသူများကို ဆိုင်ကယ်စီးဦးထုပ်များ ပြန်လည်ယူဆောင်စေခြင်း၊ ဝယ်ယူစေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယာဉ်မောင်းနှင်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး၊ မီးဘေးလုံခြုံရေးတို့အတွက် မီးသတ်ကားများအလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေးနှင့်  ယာဉ်ပိတ်ဆို့မှုလမ်းပိတ်ဆို့မှုများမဖြစ်ပွားဘဲ အများပြည်သူအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးတို့အတွက် ညွှန်ကြားမှုများအား လိုက်နာခြင်းရှိ/မရှိကို ပူးပေါင်းအဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသူများကို သက်ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။              

သူရအောင်(နမ့်စန်)