ကြံခင်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြို့မရပ်ကွက်၊ စံရာတိုက်၊ စာချကျောင်းတိုက်၊ ဓမ္မရက္ခိတဓမ္မာရုံတွင် ယနေ့နံနက် ၇ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြတ်ရတနာ ဓမ္မာစကူးလ် သင်တန်း(ပဥ္စမအကြိမ်မြောက်) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ စာချကျောင်းတိုက်ဆရာတော်၊ ဓမ္မစကူးလ်ကော်မတီအကျိုးတော်ဆောင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ နည်းပြဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြတ်ရတနာ ဓမ္မစကူးလ်ကျောင်း ဦးစီးနာယကဆရာတော်ဦးဝိစိတ္တက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဩဝါဒစကားမြွတ်ကြားခဲ့သည်။ ဆက်လက်၍ အလှူရှင် မြို့မအုပ်ချုပ်ရေးမှူး ဦးထွန်းလင်းက ဓမ္မာစကူးလ် သင်တန်းသား၊ သင်တန်သူများအတွက် အာဟာရဖြည့်စွက်စာ ကျွေးမွေး နိုင်ရန် အလှူငွေကျပ် တစ်သိန်းကိုလှူဒါန်းရာ ဓမ္မစကူးလ် ကော်မတီအကျိုးတော်ဆောင်ဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး ဧည့်ပရိသတ်များနှင့် သင်တန်းသား၊ သင်တန်းသူများ၊ မိဘများအား အလှူရှင်များက မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းကြသည်။ ထို့နောက် မြို့နယ်ဓမ္မစကူးလ်သင်ကြားရေး တာဝန်ခံ ဆရာမကြီး ဒေါ်စန်းစန်းဌေးနှင့် ဆရာမများက KG တန်းမှ Grade-8 အထိ ဓမ္မစကူးလ် ကျောင်းသား ၆၃ ဦး၊ ကျောင်းသူ ၆၂ ဦး စုစုပေါင်း ၁၂၅ ဦးအား သတ်မှတ်နေရာများတွင် သင်ကြားပေး လျက်ရှိသည်။
အဆိုပါ သင်တန်းကို အပတ်စဉ် တနင်္ဂနွေများနှင့် ဝါတွင်းကာလများ၌ ဥပုသ်နေ့များတွင် နံနက် ၈ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြတ်ရတနာဓမ္မစကူးလ်ကော်မတီထံမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)