မုံရွာ ဇွန် ၂၃
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာအဖြစ်သင်တန်းဖွင့်ပွဲနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းခရိုင်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ရာတွင် အချိန်ကြန့်ကြာမှုများနှင့် ကိန်းဂဏန်းလွဲမှားမှုများအားကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့်ရလဒ်များ ထုတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ အငြင်းပွားဖွယ်ဖြစ်ရပ်များ မဲမသမာမှုများမရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်းမြင်သာသည့် တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် MEVM မဲပေးစက်အား သေချာစွာ လိုက်နာမှတ်သားပြီး သိရှိတတ်ကျွမ်းကာ ရွေးကောက်ပွဲကြီး၌ မဲပေးစက်ကိုင်တွယ် ကြီးကြပ်မည့်သူများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရာတွင် ရှင်းရှင်းလင်းလင်းနှင့် ထိရောက်စွာပို့ချသွားကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်းက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသွားမည့် အခြေအနေများအားလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက MEVM စက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)