ပခုက္ကူမြို့၌ စားသုံးသူပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေးကွင်းဆင်းစစ်ဆေး

ပခုက္ကူ ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ စားသုံးပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ယုံကြည်စိတ်ချစွာဝယ်ယူစားသုံးနိုင်စေရေးရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား  ယနေ့နံနက်၁၀နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

ထို့သို့စစ်ဆေးရာတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွန်မှုဖြင့် ခရိုင်စားသုံးသူရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ဦးဆောင်သောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်မားရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့မှ ဝန်ထမ်းများပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များ၌ အသား၊ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြားစားသောက်ကုန်ပစ္စည်းများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ ချက်ပြုတ်ဆောင်ရွက်ထားမှု ရှိ/မရှိ၊ ဆိုင်းအတွင်းရှိ စားပွဲဝိုင်း၊ ခုံများ၊ မီးဖိုများနေရာများနှင့် ဆက်စပ်အသုံးအဆောင်ပစ္စည်းများ သန့်ရှင်းသပ်ရပ်စွာပြင်ဆင်ထားရှိမှု ရှိ/မရှိအခြေအနေတို့ကို  ကွင်းဆင်းစစ်ဆေးကြသည်။

ထို့နောက် ဆိုင်ပိုင်ရှင်များနှင့် ဆိုင်ဝန်ထမ်းများအား စားသောက်ကုန်များ ချက်ပြုတ်ရောင်းချရာတွင် အကျိုးအမြတ်ရရှိရေးထက် စားသုံးပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်စိတ်ချရသော အစားအသောက်များဖြစ်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပြန်/ဆက်)