ငဖဲ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးအတွက် ကော်ဖီမျိုးစေ့နှင့်ပျိုးပင်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဇော်က ယခင်နှစ်ပျိုးထောင်ထားသည့် ကော်ဖီပျိုးပင်များအား စိုက်ပျိုးရာသီအတွင်း ဖြန့်ဖြူးပေးပြီး ဖာထေးစိုက်ပျိုးခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်းများကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စိုက်ဧရိယာများတိုးချဲ့ရန်၊ ယခုနှစ်ရရှိထားသည့်ကော်ဖီမျိုးစေ့များအား ဌာနမှ ပျိုးထောင်ခြင်းနည်းလမ်းအပြင် တောင်သူများက ပျိုးထောင်နိုင်ရန် ဖြန့်ဖြူးပေးခြင်းဖြစ်ပြီး လိုအပ်သည့်စိုက်ပျိုးရေးနည်းပညာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးက ကော်ဖီသီးနှံသည် ပြည်ပဈေးကွက်ဝင်သီးနှံဖြစ်၍ မြို့နယ်မှထွက်ရှိသည့်ကော်ဖီသည် ဈေး ကွက်ဝင်ကော်ဖီများ ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် စီးပွားရေးဈေးကွက်တိုးချဲ့ပြီး ဝင်ငွေတိုးတက်လာစေရေး ဆက်လက် တိုးချဲ့စိုက်ပျိုးသွားကြရန်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဦးမြင့်သိန်းက ကော်ဖီ စိုက်ပျိုးရန် ဧက ၄၀၀၀ လျာထားပြီး တိုးချဲ့စိုက်ပျိုးပြည့်မီရေးအတွက် ကျေးရွာအုပ်စုအလိုက် ပေးအပ်ထားသည့် ကော်ဖီမျိုးစေ့နှင့် ပျိုးပင်များအားလေ့လွင့်မှုမရှိစေရေး၊ စိုက်ဧကတိုးတက်ရေး အလေးထားဆောင်ရွက်ရန်နှင့် ယခုနှစ်ပေးအပ်သည့်ကော်ဖီမျိုးစေ့များကို လာမည့်နှစ်တွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး ပျိုးထောင်ထားရှိကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးအတွက် ကော်ဖီမျိုးစေ့ကီလို ၁၀၀ နှင့်ပျိုးပင် ၁၃၀၀၀၀ ပင်ကို ကျေးရွာ အုပ်စု(၄)အုပ်စုရှိ အမှန်တကယ်စိုက်ပျိုးမည့် တောင်သူများအား မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးဝင်းဇော်နှင့် တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ရာ ကော်ဖီစိုက်တောင်သူများက လက်ခံရယူခဲ့ကြကြောင်းသိရသည်။
မယု(ငဖဲ)