ပေါင်းတည် ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ရာသီအလိုက် ပဲသီးနှံအမျိုးမျိုးနှင့်ဟင်းသီးဟင်းရွက် ပဲတောင့်ရှည်ပင်များစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ယခုလအတွင်း မိုးရာသီ ဟင်းသီးဟင်းရွက်စိုက်ခင်းများမှ ပဲတောင့်ရှည်များလှိုင်လှိုင်ထွက်လျက်ရှိသည်။
မိုးဦးကာလ ယခုဇွန်လအထိမြို့နယ်အတွင်း ဟင်းသီးဟင်းရွက် ၂၂၄၄ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး ပဲတောင့်ရှည်သည် အနယ်နယ်အရပ်ရပ် ဟင်းသီးဟင်းရွက်စျေးကွက်များ၌ နှစ်စဉ်ရောင်းအားကောင်းခဲ့၍ ယခုနှစ် ပေါင်းတည်မြို့နယ်၌ ပဲတောင့်ရှည်စိုက်ပျိုးသူများပြားလာကြောင်းသိရှိရသည်။
ထိုပဲတောင့်ရှည်ပင်ကို မိုးဦးကျမှစ၍ စတင်စိုက်ပျိုးလေ့ရှိကြပြီး ရက်၃၀ ခန့်ကြာလျှင် စတင်ဆွတ်ခူးရောင်းချနိုင်ကြောင်း၊ တန်းခြားသုံးပေခန့်၊ပင်ခြားတစ်ပေခန့် ခွာကာဝါးတိုင်များထောင်၍စိုက်ပျိုးရ၍ တိုင်ထောင်ပဲဟုလည်းခေါ်ဆိုကြကြောင်း၊ တစ်ဧကလျှင်စုစုပေါင်း စိုက်ပျိုးမှုကုန်စရိတ် ငွေကျပ် သုံးသိန်းကျော်ရှိကြောင်း၊ ယခု ထိုတိုင်ထောင်ပဲအပင်တိုင်းတွင် သီးအားကောင်းလျက် လှိုင်လှိုင်ထွက်ရှိနေကြပြီး ဒေသခံကုန်စိမ်းဒိုင်များက စျေးကောင်းပေးဝယ်ယူနေကြ၍ စိုက်ပျိုးထုတ်လုပ်သူများ အကျိုးအမြတ်ရရှိလျက်ရှိကြောင်း ကျေးလက်တောင်သူများထံမှ သိရှိရသည်။
ရွှေသား(IPRD)